Subscribe:

အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်

ထေရ၀ါဒ ဗုဒ္ဓသာသနာတော် တည်တံ့ပြန့်ပွားရေးအတွက် သာသနာပြုနေကြသော မြန်မာနိုင်ငံတ၀ှမ်းရှိ စာသင် တိုက်ကြီးများစွာထဲမှာ အလွန်ထင်ရှားတဲ့ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်ကြီးလည်း တစ်ခုအပါအ၀င်ဖြစ်ပါ သည်။

စာသင်တိုက်ကြီးဟာ ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက်မှာ တည်ရှိပါသည်၊ အကျယ်အ၀န်း 6.177 ဧကရှိပြီး အဆောက်အဦပေါင်း ၃၀-ကျော်၊ ဘုရား စေတီ သိမ် ရေတွင်း ရေကန်များနဲ့ ပြည့်စုံလှပါသည်။

ရန်ကုန်တိုင်းကြီးအတွင်း အကြီးဆုံး စာသင်တိုက်ကြီးဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀-နှစ်ကျော်ကစလို့ ၀ါဆိုသံဃာ ၅၀၀နဲ့ ၇၀၀ နီးပါးကြား သီတင်းသုံးနေကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀-နီးပါး ၁၉၇၀-ခုနှစ်ရှေ့ပိုင်းကာလကို ကျောင်းတိုက်ရဲ့ သမိုင်း ပထမပိုင်းအဖြစ် သတ်မှတ်ပြီး ၁၉၇၀-ခုနှစ်က စခဲ့တဲ့ ပရိယတ္တိစာသင်တိုက် သမိုင်းကို လက်ရှိ ဒုတိယသမိုင်းအဖြစ် လေ့လာ ကြည်ညိုကြရပါလိမ့်မည်။

ပထမပိုင်း သမိုင်းကတော့ ခရစ်နှစ် ၁၈၈၃-ခုနှစ် ဘိုးတော်ဘုရားမင်းလက်ထက် ကောက်ယူခဲ့တဲ့ စစ်တမ်းအရ အင်းစိန်ဟာ မင်္ဂလာဒုံ(အဲဒီတုန်းက မင်္ဂလာတုံ)မြို့နယ်ထဲက ရွာလေးတစ်ရွာသာ ဖြစ်ခဲ့ပါသည်၊ အဲဒီကတည်းက ဒီကျောင်းတိုက်ရှိနေခဲ့ပြီလို့ ယူဆကြပါတယ်။

လွန်တော်မူသော ကျောင်းထိုင်ဆရာတော်ကြီး (၂၀၀၇-ခုနှစ် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တော်ရ) ဦးနန္ဒ၀ံသရဲ့ ၁၉၅၄-ခုနှစ်က စလို့ သာသနာသမိုင်းမှာ မှတ်တမ်းဝင်ဖြစ်ရပ်တွေနဲ့ ကျောင်းသမိုင်းကို ခြေရာ ခံနိုင်ကြပါပြီ၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနှစ်ကစလို့ အင်းစိန်မြို့နယ်လုံး ဆိုင်ရာ ၀ိနယာဓိကစာမေးပွဲကို ဆရာတော်ကိုယ်တိုင် နှစ်စဉ်မပျက် ဦးစီးကျင်းပခဲ့တာ အခုဆိုရင် အကြိမ်ပေါင်း ၅၀-ကျော် တိုင်ခဲ့ပြီ ဖြစ်ပါသည်။

ဆရာတော်ဦးနန္ဒ၀ံသဟာ ပရိယတ္တိစာသင်တိုက် ထူထောင်ဖို့ ၁၉၇၀-ခုနှစ်မှာ ရန်ကုန် သရက်တောကျောင်း တိုက်မှာ သီတင်းသုံးနေတဲ့ (နောင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာတော်မူမယ့်) မြင်းခြံ ကိုးဆောင်တိုက် ဆရာတော်ကြီး ဦးသောဘိတထံမှာ စာချပုဂ္ဂိုလ်များ ချီးမြှင့်ပေးဖို့ လျှောက်ထားတောင်းခံခဲ့ ပါသည်။

ဒီလိုနဲ့ အခုအချိန်မှာ အလွန်အောင်မြင်တဲ့ စာသင်တိုက်ကြီးကို နှစ်ပေါင်း ၄၀-နီးပါး ကြိုးပမ်းဦးဆောင်တော့မယ့် ဂဏ၀ါစက စာချဆရာတော် (၁၉၉၈-ခုနှစ် အဂ္ဂမဟာပဏ္ဍိတဘွဲ့ ဆက်ကပ်ခံရတဲ့) ဦးတိလောကာဘိဝံသ အပါအ၀င် စာချဆရာတော် ၃-ပါးကို မြင်းခြံဆရာတော်ကြီးက ချီးမြှင့်ခဲ့ပါသည်။

အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်ကြီးကို အထင်ကရဖြစ်လာတော့မယ့် ကျောင်းတိုက်သမိုင်း ဒုတိယပိုင်းမှာ ၁၉၇၀-ခုမှာ စခဲ့တယ်ဆိုတာ ဒီကာလကို ရည်ညွန်းခဲ့တာဖြစ်ပါသည်။

၁၉၇၀-ခုနှစ် ပထမနှစ်မှာ စာသင်သား ၅-ပါးနဲ့ စတင်ခဲ့ပြီး ယင်း ပထမနှစ် စာမေးပွဲ ၁၉၇၁-ခုနှစ် အောင် စာရင်းမှာ ပထမငယ် ၃-ပါး စအောင်ခဲ့ပြီး ပထမငယ် ပထမလတ် ပထမကြီးနဲ့ ဓမ္မာစရိယ စာချတန်းအထိ စာမေးပွဲအားလုံးမှာ အတန်းစုံ ဘာသာစုံ သင်ပေးနိုင်ခဲ့ပါသည်။

၁၉၇၁-ခုကနေ ၂၀၀၉-ခုနှစ်ထိ ရွာမစာသင်တိုက်က မွေးထုတ်ပေးခဲ့တဲ့ စာအောင် သံဃာမှာ စုစုပေါင်း ၄၀၀၀-နီးပါးခန့် ရှိပြီ ဖြစ်ပါသည်။

၁၉၈၉-ခုနှစ်ကစပြီး ပထမငယ်တန်း တစ်ပြည်လုံး ပထမရ သာမဏေ ၁-ပါး ပေါ်ထွန်းခဲ့ရာကနေ ဒီနေ့အထိ ဆိုရင် ငယ်၊ လတ်၊ ကြီးတန်းတွေမှာ စုစုပေါင်း ပ ဒု တ ၀င် အာဇာနည် ၁၇-ပါး ပေါ်ထွန်းခဲ့ပါပြီ။

၁၉၈၀-ခုနှစ် ပထမကြီးတန်းမှာ ဆုရခဲ့တဲ့ ရှင်သီလက္ခန္ဓဟာ ယခုဆိုရင် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အရှင် သီလက္ခန္ဓာဘိဝံသဆိုတဲ့ သာသနာ့အာဇာနည်ဖြစ်လာပြီး အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ကြီးရဲ့ အနာဂတ် သာသနာကို ပုံဖော်တော့မယ့် ဆရာတော်လို့ ရည်ရွယ်ထားကြပါသည်။

အစိုးရ ပထမပြန် စာမေးပွဲများမှာသာမက ရန်ကုန် မန္တလေး ပခုက္ကူနဲ့ မော်လမြိုင်ကျွန်းမြို့တို့မှာ နှစ်စဉ်ကျင်းပ နေတဲ့ သာမဏေကျော်စာမေးပွဲများမှာ ပထမဆင့် ဒုတိယဆင့်နဲ့ တတိယဆင့် သာသနာလင်္ကာရဘွဲ့ အပ်နှင်း ခံရတဲ့ အာဇာနည်ပေါင်းများစွာလည်း ပေါ်ထွန်းခဲ့ပြန်ပါသည်။

၁၉၉၆-ခုနှစ် ၂၀၀၉-ခုနှစ်အထိ သာမဏေကျော် (ပ ဒု တ) စုစုပေါင်း အပါး ၄၆၀-ကျော် အောင်မြင်ခဲ့ပြီး သာသနာလင်္ကာရဘွဲ့ရ ၁၆-ပါး ပေါ်ထွန်းခဲ့တာဟာလည်း အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက်ကြီး၏ ပရိယတ် စွမ်းရည်ပြသနေတဲ့ မှတ်တမ်းများပဲ ဖြစ်ပါသည်။

ရွာမပရိယတ္တိစာသင်တိုက်မှာ ပညာရည်နို့ သောက်စို့ခဲ့ပြီး မြန်မာပြည်တစ်ဝှမ်းမှာ ရွာမပရိယတ္တိတိုက်ခွဲများ အဖြစ် ပရိယတ္တိစာသင်တိုက်များ ပဋိပတ္တိတရားရိပ်သာများ ဖွင့်လှစ်သင်ကြားပို့ချနေတဲ့ ရွာမကျောင်းထွက် ကျောင်းထိုင်ဆရာတော် ၂၀၀-ကျော်ရှိပါသည်။

ပရိယတ္တိစာပေများ သင်ကြားပို့ချပြီး စာမေးပွဲများ အလီလီအောင်မြင်အောင် စာပေသင်ကြားခြင်း အဓိက လုပ်ငန်းကြီးအပြင် ပဋိပတ်မကင်းသော ပရိယတ်ကျောင်းအဖြစ်လည်း ထူးခြားစွမ်းဆောင် အောင်မြင်မှု များစွာကို အံ့အားသင့်စရာကောင်းလောက်အောင် ကြည်ညိုကြရပါသေးသည်။

၁၃၆၀-ခုနှစ် တပေါင်း လပြည့်ကျော် ၃-ရက်နေ့ကစပြီး ဒီနေ့အထိ အဆက်မပြတ် ညစဉ်ညတိုင်း ၇-နာရီကနေ ၉-နာရီအထိ ၀ိပဿနာအားထုတ်လိုတဲ့ ဒကာ ဒကာမများကို တရားပြပေးခြင်း၊ နွေရာသီ စာသင်ကျောင်း ပိတ်ချိန်မှာ ကျောင်းသူကျောင်းသား ၈၀၀-ကျော်ကို နှစ်စဉ် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းများ ပို့ချပေးခြင်း၊ တိုက်အုပ်ဆရာတော် (ယခု ပဓာန မဟာနာယက) အရှင်တိလောကာဘိဝံသ ကိုယ်တိုင် နွေရာသီ အဆင့်မြင့် အဘိဓမ္မာ ယမိုက် ပဋ္ဌာန်း ဆန်း အလင်္ကာ သင်တန်းကြီးကို အောင်မြင်စွာ ကျင်းပလာခဲ့တာ (ယခု ၁၃၇၂-ခုနှစ် ဆိုရင်) ၁၇-ကြိမ်တိုင်အောင် နှစ်စဉ်မပြတ် ရှိခဲ့ပြီဖြစ်ပါသည်။

၁၉၉၄-ခုနှစ် သင်္ကြန်တွင်းကစပြီး မဟာစည်ဆရာတော်ကြီးနည်းနဲ့ ၇-ရက် တရားစခန်းများ ဖွင့်လှစ်ပေးခဲ့ရာမှာ ရဟန်း သီလရှင် ဒကာ ဒကာမ စုစုပေါင်း ၁၅၀-ကျော်ကနေ ယခုနှစ် ၁၃၇၂-ခုမှာဆို စုစုပေါင်း ၃၀၀-ကျော်အထိ တိုးတက်လာမှုနှင့် နွေရာသီယဉ်ကျေးမှု သင်တန်းသား အဆမတန် များလာလို့ သင်တန်းသားဦးရေ ၈၀၀-ကျော်မှာ ကန့်သတ်လက်ခံလာရခြင်းတို့ကလည်း ဆရာတော်ကြီးများရဲ့ ပရိယတ် ပဋိပတ် သာသနာပြု လုပ်ငန်း အောင်မြင်မှုကို တစ်နည်းဖော်ပြ နေကြတာပဲလို့ ကြည်ညိုနိုင်ကြပါတယ်။

ဒီနေရာမှာ ဒီကျောင်းတိုက်ကြီးရဲ့ အောင်မြင်မှုအဓိက သော့ချက်ဟာ လွန်တော်မူပြီးသော ကျောင်းထိုင် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တနန္ဒ၀ံသရဲ့ သာသနာပြုပါရမီတော်နှင့် တိုက်အုပ် စာချ ဆရာတော်ကြီး (ယခု ပဓာန နာယက) ဘဒ္ဒန္တတိလောကာဘိဝံသရဲ့ ထက်မြက်တဲ့ ပညာဥာဏ်နဲ့ တီထွင်ထားတော်မူတဲ့ လျင်မြန်လွယ်ကူ သော သင်နည်းစနစ်တို့ဟာ မူလဘူတ အဓိကအကြောင်း တရားဖြစ်ပြီး ဆရာတော်ကြီး ၂-ပါးရဲ့ ထူးကဲလှတဲ့ ဗြဟ္မစိုရ်တရားများနဲ့ ခေတ်မီပြီး ဗုဒ္ဓအလိုကျ တိကျသေချာလှတဲ့ တိုက်တာစည်းကမ်းများ ဟန်ချက်ညီညီ ပေါင်းစပ်ကျင့်သုံး အကောင် အထည်ဖော်နိုင်မှုတို့ပဲ ဖြစ်တယ်လို့ သုံးသပ်ရပါလိမ့်မယ်။

စာသင်တိုက်ရဲ့ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဆရာတော်ကြီး ဘဒ္ဒန္တ နန္ဒ၀ံသ အပေါ် ကြည်ညိုရင်းစွဲရှိနေတဲ့ အဂ္ဂမဟာပဏ္ဍိတ တိုက်အုပ်စာချ ဆရာတော်ကြီး (ယခု ပဓာနနာယက) ဘဒ္ဒန္တတိလောကာဘိဝံသရဲ့ မှတ်ချက်စကားမျိုးကလည်း ကျောင်းထိုင် ဆရာတ်ာကြီးရဲ့ ဂုဏ်ပုဒ်ကို ဖော်ပြနေပါ တယ်။

““ဆရာတော်ကြီးရဲ့ ကံတော်မှာ သူများတု၍ မရနိုင်လောက်အောင် ဘုန်းရှင်ကံရှင် သမ္ဘာရှင်ကြီး ဖြစ်သည်၊ ဆရာတော်ဘုရားကြီး ကံတော်ကြောင့်ပင် ရေကန်အသင့် ကြာအသင့်ဆိုသလို နေရာ အဆောက်အအုံ၊ တပည့် ပရိသတ်၊ ဒကာ ဒကာမ၊ မိတ်ဆွေ အပေါင်းအသင်း၊ ဂုဏ၀ုဒ္ဓိ ၀ယ၀ုဒ္ဓိ ကျန်းမာခြင်းစသည်တို့နှင့် ပြည့်စုံခဲ့ သည်””…။

အဲဒီလို အစစအရာရာ ပြည့်စုံကောင်းမွန်လှတဲ့ လယ်ယာမြေကောင်းမှာ အထူးချွန်ဆုံး ပရိယတ္တိ မျိုးစေ့ကောင်း များကို စိုက်ပျိုးခဲ့သူဟာ စာချဆရာတော်ကြီး ဘဒ္ဒန္တတိလောကာဘိဝံသပဲ ဖြစ်ပါ တယ်။

မြင်းခြံ ကိုးဆောင်တိုက်မှာ စာချဂဏ၀ါစကအဖြစ် ဆောင်ရွက်နေရာက အင်းစိန် ရွာမစာသင်တိုက် တည် ထောင်ဖို့ ကိုးဆောင်ဆရာတော်ကြီး ဘဒ္ဒန္တ သောဘိတ ညွှန်ကြားသည့်အတိုင်း စာချပေးခဲ့ပြီး ရွာမပရိယတ္တိ စာသင်တိုက်ကို အစွမ်းကုန်ပြုစုပျိုးထောင် ဦးဆောင်ကြိုးစားအားထုတ်ခဲ့တဲ့ သာသနာ့ အာဇာနည်ဆရာတော် ကြီးပါပဲ။

စာသင်သားများ စည်းကမ်းရှိရှိနဲ့ စာမေးပွဲအောင်ချက်ကောင်းပြီး မြန်မာပြည်အနှံ့ သာသနာပြု ပုဂ္ဂိုလ်ကျော် များစွာ ဖြစ်ပေါ်လာတဲ့အထိ ပြုစုပေးနိုင်ခဲ့ပါတယ်။

စာချဆရာတော်ကြီးဟာ ရွာမစာသင်တိုက် ကြီးပွါးတိုးတက်ရေးတာဝန် ထမ်းဆောင်နေဆဲကာလ ၁၉၈၄-ခုနှစ် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) စတင်ဖွင့်လှစ်ချိန်ကနေ ၁၉၈၈- ခုနှစ်အထိ ၄-နှစ်တာ အဘိဓမ္မမဟာဌာန နာယက ပါမောက္ခနဲ့ ဒုတိယ နာယကချုပ် (ဒုတိယ ပါမောက္ခချုပ်)အဖြစ် တာဝန်ယူ ထမ်းဆောင်ခဲ့ရပါသေးတယ်။

ဆရာတော်ရဲ့ စာသင်ကြားရေး အောင်မြင်မှုသော့ချက်ဖြစ်တဲ့ သင်ကြားရေး အထောက်အကူပြု ကျမ်းစာအုပ် ပေါင်း ၃၀-ခန့်နဲ့ တခြား ဘာသာရေးဆိုင်ရာ ဆောင်းပါးများစွာကိုလည်း စာအုပ်အဖြစ် ရေးသားပြုစု ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။

စာသင်သားပေါင်း ၇၀၀-နီးပါး တက်ရောက်သင်ကြားနေကြတဲ့ စာသင်တိုက်ကြီးရဲ့ အောင်မြင်မှု နောက်ကွယ်မှာ စာသင်တိုက်ကြီးရဲ့ ပဓာန နာယက ဆရာတော်ကြီး ၂-ပါးနဲ့ ဂဏ၀ါစက စာချ ဆရာတော်များရဲ့ စနစ်ကျနလှတဲ့ စည်းကမ်းတကျ အုပ်ချုပ်မှုနဲ့ တင်းကြပ်လှတဲ့ စာသင်သား စည်းကမ်းများကို ရိုသေလေးစား လိုက်နာပြီး ကြိုးစားနေကြတဲ့ စာသင်သား ရဟန်း သာမဏေများအပြင် သာသနာတော်ကြီး အရှည်တည်တံ့ရေးကို ကြည်ညို လေးစား ပစ္စည်းလေးပါး ထောက်ပံ့ လှူဒါန်းကြတဲ့ ဒကာ ဒကာမများရဲ့ ကုသိုလ်သဒ္ဓါတရားများကား သုံးချောင်း ထောက်သဖွယ် အပြန်အလှန် ကျေးဇူးပြုနေကြခြင်းဟာ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်ကြီး ကမ္ဘာတည် သရွေ့ အောင်မြင်တိုးတက်နေဦးတော့မယ့် အကြောင်းအကျိုးတရားများဖြစ်ကြောင်း မြေကြီးလက်ခတ်မလွဲ သေချာလှပါတော့တယ်။ (ရေးသူ- ရွာမသောတုဇန)

0 comments:

Post a Comment