



အင်းစိန် ရွာမပရိယတ္တိစာသင်တိုက်မှ ဂုဏ်ထူးရ တော်ဝင်အရှင်မြတ်များ
၁၃၆၈-ခုနှစ် (၂၀၀၆-၂၀၀၇) ဂုဏ်ထူးရ ရှင်ရေ၀တ အပါအ၀င်
စုစုပေါင်း ၁၇-ပါး

သာသနာ့အာဇာနည် ရှင်ရေ၀တ
ပထမငယ်တန်း ဒုတိယဂုဏ်ထူးရှင်
၁၃၆၈-ခုနှစ်(၂၀၀၆-၂၀၀၇) ပညာသင်နှစ်တွင် မြန်မာတစ်နိုင်ငံလုံး ဒုတိယဂုဏ်ထူးဖြင့် အောင်မြင်သည်)

ဒုတိယအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ရွေးချယ်တင်မြှောက်ပေးသော
တေရသမလေးလပတ် နိုင်ငံတော်ဝိနည်းဓိုရ်ဆရာတော်ကြီးများ

အင်းစိန်မြို့နယ်လုံးဆိုင်ရာဝိနယာဓိက ပရိယတ္တိသာသနာပြုအသင်းကြီး၏ နာယကဆရာတော်များနှင့်
အမှုဆောင်လူကြီးများ(၁၃၁၇)ခုနှစ်

ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ
တိပိဋကဓရ၊ တိပိဋကကောဝိဒ
(အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ကြီး၏ အနာဂတ်ကို ပုံဖော်မည့်ဆရာတော်)

အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ကြီး ၏ မိဘသဖွယ်ဖြစ်သော
မဟာနာယကဆရာတော်နှင့် တိုက်အုပ်ဆရာတော်

ဘဒ္ဒန္တတိလောကာဘိဝံသ
အဂ္ဂမဟာပဏ္ဍိတ
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ
အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်
လက်ရှိ ပဓာန မဟာနာယကဆရာတော်
ဇောတိကဓဇ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဘဒ္ဒန္တသောဘိတထံတွင် မူလတန်းမှ၊ အစိုးရ ဓမ္မာစရိယ ပြီးသည့်တိုင်အောင် ၉နှစ်ခန့် ပိဋကတ်ကျမ်းစာများကို သင်ယူဆည်းပူးတော်မူခဲ့ပါသည်။ ထို့နောက် မန္တလေးမြို့၊ ချမ်းသာကြီးတိုက်၊ ညောင်ကန်တိုက်၊ ရန်ကုန်မြို့ခြောက်ထပ်ကြီးတိုက်တို့တွင် လှည့်လည် သီတင်း သုံးလျက် စာချအကျော် ဆရာတော်များထံတွင် ပရိယတ္တိစာပေများကို လေ့လာသင်ယူတော်မူခဲ့ပါသည်။
(က)အဖြေစုံ ၇ကျမ်း (စနစ်ဟောင်းငယ်၊လတ်၊ကြီး အဖြေစုံ ၃ ကျမ်း၊ စနစ်သစ်မူလ၊ ငယ်၊ လတ်၊ ကြီး အဖြေစုံ ၄ ကျမ်း) ၊
(ခ) လက်ဆောင်ကျမ်း ၁၁ ကျမ်း (မာတိကာဓာတုကထာ လက်ဆောင်၊ ယမက လက်ဆောင် ၂ ကျမ်း၊ ပဋ္ဌာန်းလက်ဆောင်၊ ပဋ္ဌာန်းပို့ချစဉ်လက်ဆောင်၊ အဘိဓမ္မာလက်ဆောင်၊ ဆန်းလက် ဆောင်၊ ပါဠိသဒ္ဒါအသုံးအနူန်းနှင့် ပါဠိစာပေ ကောက်နူတ်ချက်လက်ဆောင်၊ သဒ္ဒါလက်ဆောင်၊ သုတ်နက်လက် ဆောင်၊ သဒ္ဒါကြီးနိဿယလက်ဆောင်)။
(ဂ) ဗဟုသုတပညာပေး ၆ကျမ်း (ရဟန်းခံရှင်ပြုအကြောင်း၊ ကိုးကွယ်မှုဆိုင်ရာသိစရာနှင့်ဗုဒ္ဓသာသနာ့သမိုင်း၊ စေတီပုထိုး၊ မဲလံဆံတော်ရှင်၊ သကျမုနိ၊ လက်ရွေးစင် ဆောင်းပါးများ၊ ပရိတ် +ဂါထာ+ မန္တန်စသော ပုံနှိပ်ပြီး ကျမ်းပေါင်း ၂၄ကျမ်း နှင့် ဂန္ထာဘရဏနှင့် ဘုရားကြီးနိယံလက်ဆောင်၊ အဋ္ဌသာလိနီ အဖြေစုံစသော ပုံမနှိပ် ရသေးသည့် ကျမ်းများကို ရေးသားပြုစုတော်မူခဲ့ပါသည်၊
ယခု နောက်ဆုံး ရေးသားခဲ့သည်မှာ မြန်မာ့သာသနာ့သမိုင်းတွင် အထင်ကရအနေဖြင့် သမိုင်းတွင်ကျန်ရစ်မည့် ပါဠိဘာသာဖြင့် ရေးသားခဲ့သည့် ပရိတ်ကြီးဋီကာသစ်ခေါ် ပရိတ္တအဘိန၀ဋီကာကျမ်းနှင့် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်သစ်ကျမ်းများ ဖြစ်ပါသည်။
အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်
စာသင်တိုက်ကြီးဟာ ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက်မှာ တည်ရှိပါသည်၊ အကျယ်အ၀န်း 6.177 ဧကရှိပြီး အဆောက်အဦပေါင်း ၃၀-ကျော်၊ ဘုရား စေတီ သိမ် ရေတွင်း ရေကန်များနဲ့ ပြည့်စုံလှပါသည်။
ရန်ကုန်တိုင်းကြီးအတွင်း အကြီးဆုံး စာသင်တိုက်ကြီးဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀-နှစ်ကျော်ကစလို့ ၀ါဆိုသံဃာ ၅၀၀နဲ့ ၇၀၀ နီးပါးကြား သီတင်းသုံးနေကြပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀-နီးပါး ၁၉၇၀-ခုနှစ်ရှေ့ပိုင်းကာလကို ကျောင်းတိုက်ရဲ့ သမိုင်း ပထမပိုင်းအဖြစ် သတ်မှတ်ပြီး ၁၉၇၀-ခုနှစ်က စခဲ့တဲ့ ပရိယတ္တိစာသင်တိုက် သမိုင်းကို လက်ရှိ ဒုတိယသမိုင်းအဖြစ် လေ့လာ ကြည်ညိုကြရပါလိမ့်မည်။
ပထမပိုင်း သမိုင်းကတော့ ခရစ်နှစ် ၁၈၈၃-ခုနှစ် ဘိုးတော်ဘုရားမင်းလက်ထက် ကောက်ယူခဲ့တဲ့ စစ်တမ်းအရ အင်းစိန်ဟာ မင်္ဂလာဒုံ(အဲဒီတုန်းက မင်္ဂလာတုံ)မြို့နယ်ထဲက ရွာလေးတစ်ရွာသာ ဖြစ်ခဲ့ပါသည်၊ အဲဒီကတည်းက ဒီကျောင်းတိုက်ရှိနေခဲ့ပြီလို့ ယူဆကြပါတယ်။
လွန်တော်မူသော ကျောင်းထိုင်ဆရာတော်ကြီး (၂၀၀၇-ခုနှစ် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တော်ရ) ဦးနန္ဒ၀ံသရဲ့ ၁၉၅၄-ခုနှစ်က စလို့ သာသနာသမိုင်းမှာ မှတ်တမ်းဝင်ဖြစ်ရပ်တွေနဲ့ ကျောင်းသမိုင်းကို ခြေရာ ခံနိုင်ကြပါပြီ၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနှစ်ကစလို့ အင်းစိန်မြို့နယ်လုံး ဆိုင်ရာ ၀ိနယာဓိကစာမေးပွဲကို ဆရာတော်ကိုယ်တိုင် နှစ်စဉ်မပျက် ဦးစီးကျင်းပခဲ့တာ အခုဆိုရင် အကြိမ်ပေါင်း ၅၀-ကျော် တိုင်ခဲ့ပြီ ဖြစ်ပါသည်။
ဆရာတော်ဦးနန္ဒ၀ံသဟာ ပရိယတ္တိစာသင်တိုက် ထူထောင်ဖို့ ၁၉၇၀-ခုနှစ်မှာ ရန်ကုန် သရက်တောကျောင်း တိုက်မှာ သီတင်းသုံးနေတဲ့ (နောင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာတော်မူမယ့်) မြင်းခြံ ကိုးဆောင်တိုက် ဆရာတော်ကြီး ဦးသောဘိတထံမှာ စာချပုဂ္ဂိုလ်များ ချီးမြှင့်ပေးဖို့ လျှောက်ထားတောင်းခံခဲ့ ပါသည်။
ဒီလိုနဲ့ အခုအချိန်မှာ အလွန်အောင်မြင်တဲ့ စာသင်တိုက်ကြီးကို နှစ်ပေါင်း ၄၀-နီးပါး ကြိုးပမ်းဦးဆောင်တော့မယ့် ဂဏ၀ါစက စာချဆရာတော် (၁၉၉၈-ခုနှစ် အဂ္ဂမဟာပဏ္ဍိတဘွဲ့ ဆက်ကပ်ခံရတဲ့) ဦးတိလောကာဘိဝံသ အပါအ၀င် စာချဆရာတော် ၃-ပါးကို မြင်းခြံဆရာတော်ကြီးက ချီးမြှင့်ခဲ့ပါသည်။
အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်ကြီးကို အထင်ကရဖြစ်လာတော့မယ့် ကျောင်းတိုက်သမိုင်း ဒုတိယပိုင်းမှာ ၁၉၇၀-ခုမှာ စခဲ့တယ်ဆိုတာ ဒီကာလကို ရည်ညွန်းခဲ့တာဖြစ်ပါသည်။
၁၉၇၀-ခုနှစ် ပထမနှစ်မှာ စာသင်သား ၅-ပါးနဲ့ စတင်ခဲ့ပြီး ယင်း ပထမနှစ် စာမေးပွဲ ၁၉၇၁-ခုနှစ် အောင် စာရင်းမှာ ပထမငယ် ၃-ပါး စအောင်ခဲ့ပြီး ပထမငယ် ပထမလတ် ပထမကြီးနဲ့ ဓမ္မာစရိယ စာချတန်းအထိ စာမေးပွဲအားလုံးမှာ အတန်းစုံ ဘာသာစုံ သင်ပေးနိုင်ခဲ့ပါသည်။
၁၉၇၁-ခုကနေ ၂၀၀၉-ခုနှစ်ထိ ရွာမစာသင်တိုက်က မွေးထုတ်ပေးခဲ့တဲ့ စာအောင် သံဃာမှာ စုစုပေါင်း ၄၀၀၀-နီးပါးခန့် ရှိပြီ ဖြစ်ပါသည်။
၁၉၈၉-ခုနှစ်ကစပြီး ပထမငယ်တန်း တစ်ပြည်လုံး ပထမရ သာမဏေ ၁-ပါး ပေါ်ထွန်းခဲ့ရာကနေ ဒီနေ့အထိ ဆိုရင် ငယ်၊ လတ်၊ ကြီးတန်းတွေမှာ စုစုပေါင်း ပ ဒု တ ၀င် အာဇာနည် ၁၇-ပါး ပေါ်ထွန်းခဲ့ပါပြီ။
၁၉၈၀-ခုနှစ် ပထမကြီးတန်းမှာ ဆုရခဲ့တဲ့ ရှင်သီလက္ခန္ဓဟာ ယခုဆိုရင် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အရှင် သီလက္ခန္ဓာဘိဝံသဆိုတဲ့ သာသနာ့အာဇာနည်ဖြစ်လာပြီး အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ကြီးရဲ့ အနာဂတ် သာသနာကို ပုံဖော်တော့မယ့် ဆရာတော်လို့ ရည်ရွယ်ထားကြပါသည်။
အစိုးရ ပထမပြန် စာမေးပွဲများမှာသာမက ရန်ကုန် မန္တလေး ပခုက္ကူနဲ့ မော်လမြိုင်ကျွန်းမြို့တို့မှာ နှစ်စဉ်ကျင်းပ နေတဲ့ သာမဏေကျော်စာမေးပွဲများမှာ ပထမဆင့် ဒုတိယဆင့်နဲ့ တတိယဆင့် သာသနာလင်္ကာရဘွဲ့ အပ်နှင်း ခံရတဲ့ အာဇာနည်ပေါင်းများစွာလည်း ပေါ်ထွန်းခဲ့ပြန်ပါသည်။
၁၉၉၆-ခုနှစ် ၂၀၀၉-ခုနှစ်အထိ သာမဏေကျော် (ပ ဒု တ) စုစုပေါင်း အပါး ၄၆၀-ကျော် အောင်မြင်ခဲ့ပြီး သာသနာလင်္ကာရဘွဲ့ရ ၁၆-ပါး ပေါ်ထွန်းခဲ့တာဟာလည်း အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက်ကြီး၏ ပရိယတ် စွမ်းရည်ပြသနေတဲ့ မှတ်တမ်းများပဲ ဖြစ်ပါသည်။
ရွာမပရိယတ္တိစာသင်တိုက်မှာ ပညာရည်နို့ သောက်စို့ခဲ့ပြီး မြန်မာပြည်တစ်ဝှမ်းမှာ ရွာမပရိယတ္တိတိုက်ခွဲများ အဖြစ် ပရိယတ္တိစာသင်တိုက်များ ပဋိပတ္တိတရားရိပ်သာများ ဖွင့်လှစ်သင်ကြားပို့ချနေတဲ့ ရွာမကျောင်းထွက် ကျောင်းထိုင်ဆရာတော် ၂၀၀-ကျော်ရှိပါသည်။
ပရိယတ္တိစာပေများ သင်ကြားပို့ချပြီး စာမေးပွဲများ အလီလီအောင်မြင်အောင် စာပေသင်ကြားခြင်း အဓိက လုပ်ငန်းကြီးအပြင် ပဋိပတ်မကင်းသော ပရိယတ်ကျောင်းအဖြစ်လည်း ထူးခြားစွမ်းဆောင် အောင်မြင်မှု များစွာကို အံ့အားသင့်စရာကောင်းလောက်အောင် ကြည်ညိုကြရပါသေးသည်။
၁၃၆၀-ခုနှစ် တပေါင်း လပြည့်ကျော် ၃-ရက်နေ့ကစပြီး ဒီနေ့အထိ အဆက်မပြတ် ညစဉ်ညတိုင်း ၇-နာရီကနေ ၉-နာရီအထိ ၀ိပဿနာအားထုတ်လိုတဲ့ ဒကာ ဒကာမများကို တရားပြပေးခြင်း၊ နွေရာသီ စာသင်ကျောင်း ပိတ်ချိန်မှာ ကျောင်းသူကျောင်းသား ၈၀၀-ကျော်ကို နှစ်စဉ် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းများ ပို့ချပေးခြင်း၊
၁၉၉၄-ခုနှစ် သင်္ကြန်တွင်းကစပြီး မဟာစည်ဆရာတော်ကြီးနည်းနဲ့ ၇-ရက် တရားစခန်းများ ဖွင့်လှစ်ပေးခဲ့ရာမှာ ရဟန်း သီလရှင် ဒကာ ဒကာမ စုစုပေါင်း ၁၅၀-ကျော်ကနေ ယခုနှစ် ၁၃၇၂-ခုမှာဆို စုစုပေါင်း ၃၀၀-ကျော်အထိ တိုးတက်လာမှုနှင့် နွေရာသီယဉ်ကျေးမှု သင်တန်းသား အဆမတန် များလာလို့ သင်တန်းသားဦးရေ ၈၀၀-ကျော်မှာ ကန့်သတ်လက်ခံလာရခြင်းတို့ကလည်း ဆရာတော်ကြီးများရဲ့ ပရိယတ် ပဋိပတ် သာသနာပြု လုပ်ငန်း အောင်မြင်မှုကို တစ်နည်းဖော်ပြ နေကြတာပဲလို့ ကြည်ညိုနိုင်ကြပါတယ်။
ဒီနေရာမှာ ဒီကျောင်းတိုက်ကြီးရဲ့ အောင်မြင်မှုအဓိက သော့ချက်ဟာ လွန်တော်မူပြီးသော ကျောင်းထိုင် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တနန္ဒ၀ံသရဲ့ သာသနာပြုပါရမီတော်နှင့် တိုက်အုပ် စာချ ဆရာတော်ကြီး (ယခု ပဓာန နာယက) ဘဒ္ဒန္တတိလောကာဘိဝံသရဲ့ ထက်မြက်တဲ့ ပညာဥာဏ်နဲ့ တီထွင်ထားတော်မူတဲ့ လျင်မြန်လွယ်ကူ သော သင်နည်းစနစ်တို့ဟာ မူလဘူတ အဓိကအကြောင်း တရားဖြစ်ပြီး ဆရာတော်ကြီး ၂-ပါးရဲ့ ထူးကဲလှတဲ့ ဗြဟ္မစိုရ်တရားများနဲ့ ခေတ်မီပြီး ဗုဒ္ဓအလိုကျ တိကျသေချာလှတဲ့ တိုက်တာစည်းကမ်းများ ဟန်ချက်ညီညီ ပေါင်းစပ်ကျင့်သုံး အကောင် အထည်ဖော်နိုင်မှုတို့ပဲ ဖြစ်တယ်လို့ သုံးသပ်ရပါလိမ့်မယ်။
စာသင်တိုက်ရဲ့ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဆရာတော်ကြီး ဘဒ္ဒန္တ နန္ဒ၀ံသ အပေါ် ကြည်ညိုရင်းစွဲရှိနေတဲ့ အဂ္ဂမဟာပဏ္ဍိတ တိုက်အုပ်စာချ ဆရာတော်ကြီး (ယခု ပဓာနနာယက) ဘဒ္ဒန္တတိလောကာဘိဝံသရဲ့ မှတ်ချက်စကားမျိုးကလည်း ကျောင်းထိုင် ဆရာတ်ာကြီးရဲ့ ဂုဏ်ပုဒ်ကို ဖော်ပြနေပါ တယ်။
““ဆရာတော်ကြီးရဲ့ ကံတော်မှာ သူများတု၍ မရနိုင်လောက်အောင် ဘုန်းရှင်ကံရှင် သမ္ဘာရှင်ကြီး ဖြစ်သည်၊ ဆရာတော်ဘုရားကြီး ကံတော်ကြောင့်ပင် ရေကန်အသင့် ကြာအသင့်ဆိုသလို နေရာ အဆောက်အအုံ၊ တပည့် ပရိသတ်၊ ဒကာ ဒကာမ၊ မိတ်ဆွေ အပေါင်းအသင်း၊ ဂုဏ၀ုဒ္ဓိ ၀ယ၀ုဒ္ဓိ ကျန်းမာခြင်းစသည်တို့နှင့် ပြည့်စုံခဲ့ သည်””…။
အဲဒီလို အစစအရာရာ ပြည့်စုံကောင်းမွန်လှတဲ့ လယ်ယာမြေကောင်းမှာ အထူးချွန်ဆုံး ပရိယတ္တိ မျိုးစေ့ကောင်း များကို စိုက်ပျိုးခဲ့သူဟာ စာချဆရာတော်ကြီး ဘဒ္ဒန္တတိလောကာဘိဝံသပဲ ဖြစ်ပါ တယ်။
မြင်းခြံ ကိုးဆောင်တိုက်မှာ စာချဂဏ၀ါစကအဖြစ် ဆောင်ရွက်နေရာက အင်းစိန် ရွာမစာသင်တိုက် တည် ထောင်ဖို့ ကိုးဆောင်ဆရာတော်ကြီး ဘဒ္ဒန္တ သောဘိတ ညွှန်ကြားသည့်အတိုင်း စာချပေးခဲ့ပြီး ရွာမပရိယတ္တိ စာသင်တိုက်ကို အစွမ်းကုန်ပြုစုပျိုးထောင် ဦးဆောင်ကြိုးစားအားထုတ်ခဲ့တဲ့ သာသနာ့ အာဇာနည်ဆရာတော် ကြီးပါပဲ။
စာသင်သားများ စည်းကမ်းရှိရှိနဲ့ စာမေးပွဲအောင်ချက်ကောင်းပြီး မြန်မာပြည်အနှံ့ သာသနာပြု ပုဂ္ဂိုလ်ကျော် များစွာ ဖြစ်ပေါ်လာတဲ့အထိ ပြုစုပေးနိုင်ခဲ့ပါတယ်။
စာချဆရာတော်ကြီးဟာ ရွာမစာသင်တိုက် ကြီးပွါးတိုးတက်ရေးတာဝန် ထမ်းဆောင်နေဆဲကာလ ၁၉၈၄-ခုနှစ် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) စတင်ဖွင့်လှစ်ချိန်ကနေ ၁၉၈၈- ခုနှစ်အထိ ၄-နှစ်တာ အဘိဓမ္မမဟာဌာန နာယက ပါမောက္ခနဲ့ ဒုတိယ နာယကချုပ် (ဒုတိယ ပါမောက္ခချုပ်)အဖြစ် တာဝန်ယူ ထမ်းဆောင်ခဲ့ရပါသေးတယ်။
ဆရာတော်ရဲ့ စာသင်ကြားရေး အောင်မြင်မှုသော့ချက်ဖြစ်တဲ့ သင်ကြားရေး အထောက်အကူပြု ကျမ်းစာအုပ် ပေါင်း ၃၀-ခန့်နဲ့ တခြား ဘာသာရေးဆိုင်ရာ ဆောင်းပါးများစွာကိုလည်း စာအုပ်အဖြစ် ရေးသားပြုစု ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။
စာသင်သားပေါင်း ၇၀၀-နီးပါး တက်ရောက်သင်ကြားနေကြတဲ့ စာသင်တိုက်ကြီးရဲ့ အောင်မြင်မှု နောက်ကွယ်မှာ စာသင်တိုက်ကြီးရဲ့ ပဓာန နာယက ဆရာတော်ကြီး ၂-ပါးနဲ့ ဂဏ၀ါစက စာချ ဆရာတော်များရဲ့ စနစ်ကျနလှတဲ့ စည်းကမ်းတကျ အုပ်ချုပ်မှုနဲ့ တင်းကြပ်လှတဲ့ စာသင်သား စည်းကမ်းများကို ရိုသေလေးစား လိုက်နာပြီး ကြိုးစားနေကြတဲ့ စာသင်သား ရဟန်း သာမဏေများအပြင် သာသနာတော်ကြီး အရှည်တည်တံ့ရေးကို ကြည်ညို လေးစား ပစ္စည်းလေးပါး ထောက်ပံ့ လှူဒါန်းကြတဲ့ ဒကာ ဒကာမများရဲ့ ကုသိုလ်သဒ္ဓါတရားများကား သုံးချောင်း ထောက်သဖွယ် အပြန်အလှန် ကျေးဇူးပြုနေကြခြင်းဟာ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်ကြီး ကမ္ဘာတည် သရွေ့ အောင်မြင်တိုးတက်နေဦးတော့မယ့် အကြောင်းအကျိုးတရားများဖြစ်ကြောင်း မြေကြီးလက်ခတ်မလွဲ သေချာလှပါတော့တယ်။ (ရေးသူ- ရွာမသောတုဇန)
ဖွားမြင်ခြင်း
၁။ ဦးထွန်းရင် ၂။ဦးညွန့် ၃။ ဦးသောင်း ၄။ ဦးချစ်ခင် ၅။ ဦးစိုးမောင် - တို့ဖြစ်ကြသည်။
စာပေကျမ်းဂန် သင်ကြားပို့ချတော်မူခြင်း
စာသင်သားသံဃာ ၅၀၀-ကျော်တို့၏ ဆွမ်း၊ကွမ်း၊ကျောင်း၊ဆေး၊ ပစ္စည်းလေးပါး တာဝန်ယူဆောင်ရွက်ပေးခြင်း၊ အချိန်အခါ အားလျော်စွာ သြ၀ါဒပေးခြင်း စသည်တို့ကိုလည်း ဆောင်ရွက်တော်မူခဲ့ပါသည်။
ကျောင်းတိုက်ခွဲများ တည်ထောင်ခြင်းကို အားပေးချီးမြှောက်တော်မူခြင်း
ပညာရေးအခန်းကဏ္ဍတွင်လည်း သာမန်အဆင့်ထက် ထူးခြားအောင်မြင်လျက်ရှိကြသည့် တိပိဋကဓရ၊ တိပိဋက ကောဝိဒနှင့် ပထမကျော်၊ ပထမ၊ ဒုတိယ၊ တတိယ၊ ဂုဏ်ထူးရတပည့်များ၊ သာမဏေကျော် ဘွဲ့ရတပည့်များ၊ ဓမ္မာစရိယဘွဲ့ရတပည့်များ၊ သကျသီဟ ဓမ္မာစရိယဘွဲ့ရတပည့်များ၊ စေတိယင်္ဂဏ ဓမ္မာစရိယဘွဲ့ရတပည့်များကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပါသည်။
ထို့ပြင် သာသနိက အဆောက်အဦးများကို ပြုပြင်ခြင်း၊ အသစ်ဆောက်လုပ်ခြင်း၊ လမ်း/တံတားများ ဆောက်လုပ် ပြုပြင်ခြင်း၊ ဗုဒ္ဓ္ဓဘာသာယဉ်ကျေးမူစာမေးပွဲ အောင်မြင်သူများအား နှစ်စဉ် ဆုနှင်းသဘင် ကျင်းပခြင်း၊ ရခိုင်ရိုးကြီး ကျေးရွာ၊ ရခိုင်ရိုးလေးရွာ၊ အေးရွာလေး သုံးရွာတို့မှ စတုတ္ထတန်းအောင် ကျောင်းသူကျောင်းသား ၃၀၀ ကျော် တို့အား တက္ကသိုလ်ဘွဲ့ရသည်အထိ ၁၃-နှစ်တိုင်တိုင် ၁နှစ်လျှင် ၁၀-သိန်းကျပ်နူန်းဖြင့် ပညာသင်စရိတ် ထောက်ပံ့ချီးမြှင့်ပေးခြင်း၊ ကျောင်းသားသုံး စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများ လှူဒါန်းပေးခြင်း၊ ထိုကျေးရွာ များမှ ကျောင်းသားကျောင်းသူများအတွက် ပညာရေးငွေပဒေသာပင်အဖြစ် အစိုးရဘဏ်တွင် ကျပ် သိန်းတစ်ရာ တိတိ အပ်နှံပေးထားခြင်း (ထိုပညာရေးငွေပဒေသာပင်ကို ရိုးကြီးကျောင်းဆရာတော်ဦးသုမန၊ ရိုးလေးကျောင်း ဆရာတော်ဦးပညာသာမိ တို့၏ လက်မှတ်ဖြင့် ဘဏ်တွင် စာရင်းဖွင့်ထားသည်) ၁-နှစ်လျှင် အပါး ၁၀၀ ဖြင့် ၅နှစ်တိုင်တိုင် ဒုလ္လဘရဟန်းခံပွဲများ ပြုလုပ်ပေးခြင်း၊ ၁၃၆၀-ပြည့်နှစ်၊ တပေါင်းလပြည့်ကျော် ၃ရက်နေ့မှ ယနေ့တိုင် ညစဉ် ၇နာရီမှ ၉-နာရီအထိ ၀ိပသနာအားထုတ်လိုသည့် ဒကာ၊ ဒကာမများအား တရားပြပေးခြင်း၊ နွေရာသီ လောကီအတန်းကျောင်များ ပိတ်ထားစဉ် ကျောင်းသူကျောင်းသား (၈၀၀)ကျော်တို့အား ဗုဒ္ဓဘာသာ ယဉ်ကျေးမူ သင်တန်းများ ပို့ချပေးခြင်း၊ အင်းစိန် အရှင်တိလောကာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော် သံဃာ့မဟာနာယက ဒုတိယ ဥက္ကဋ္ဌ) ရွာမပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော်၏ နွေရာသီ အဆင့်မြင့် အဘိဓမ္မာ ယမိုက်၊ ပဋ္ဌာန်း၊ ဆန်း၊ အလင်္ကာ သင်တန်းကြီးကိုလည်း ပစ္စည်းလေးပါးဖြင့် ၁၆ကြိမ်တိုင်တိုင် အားပေး ချီးမြှောက် ထောက်ပံ့လျှက်ရှိခြင်း၊ ဆရာတော်ကြီး မွေးဖွားရာဒေသ ထန်းတပင်မြို့နယ်၊ (ယခု လှိုင်သာယာမြို့ နယ်)၊ အတွင်းပဒံရပ်ကွက်ရှိ ချက်မြုပ်ရာ နေရာတွင် ၀ိဇာတမင်္ဂလာ ဓမ္မရိပ်သာ တည်ထောင် ပေးခြင်း၊ ကျောင်းတိုက်ခွဲများသို့လည်း အခါအားလျော်စွာ လိုအပ်သလို သြ၀ါဒချီးမြှင့်ပေးခြင်း စသော သာသနာ ရေးဆိုင်ရာများကို အားပေးချီးမြှောက် ဆောင်ရွက်လျက်ရှိပါသည်။